စစ်ကျွန်ဇာတ်သွင်းထားတဲ့ အလံ၊ လွတ်လပ်ရေးကို ကိုယ်စားမပြုတဲ့ အလံ အလိုမရှိ
တို့ပြည်ထောင်စု အလံတော်သည် ... ၂၅၀၀ကျပ်တန်ပါသည်.. ပြည်သူအပေါင်းတို့ မလိုချင်ပြီ အတင်းထိုးရောင်းခဲ့ရပါသည်.. (ရယက)
မြန်မာပြည်မှာ လွတ်လပ်ရေးရတာ (၆၃)နှစ်ကြာပြီ ဖြစ်ပေမယ့် မြန်မာပြည်သူတွေ လွတ်လပ်ရေးမရတာ ကြာလှပြီပေါ့ဗျာ... လောလောဆယ် လွတ်လပ်ရေးနေ့မှာ စစ်အစိုးရက အတင်းဓမ္မ လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေကို အလံတွေ ထောင်ခိုင်းနေတယ်တဲ့။ မြန်မာပြည်သားတစ်ယောက် ပေးပို့လာတာ တင်ပြလိုက်ရပါတယ်...။
မနက်ဖန် လွတ်လပ်ရေးနေ့အတွက် အလံတွေ အတင်းလွှင့်ထူခိုင်း နေပါတယ်။ ရယက ကပေါ့ လုပ်ငန်းရှင်တွေ နောက်ဆိုင်ရှင်တွေကိုပေါ့॥။ လူနေအိမ်တော့ သူတို့ဘယ်ပြောရဲမလဲ॥ ပျော်ပွဲရွင်ပွဲတွေလဲ လုပ်ခိုင်းနေတယ်॥ မစည်စည်အောင်ဆိုပြီး..။ အလံသစ်ကို အတင်း ထောက်ခံတဲ့ ပုံစံ လုပ်ခိုင်းချင်တာလားတော့ မသိဘူး။ လွတ်လပ်ရေးနေ့ကို မေ့တောင်နေပါပြီ အကိုရာ..။ မလွတ်မလပ် နေရတာကြာတော့ အလံထူတာတောင် ထူချင်မှန်းမသိ မထူချင်မှန်း မသိ မလွတ်လပ်တာလေ..။
ကျွန်တော့်တို့ဆိုင်တွေကို အလံစုတ် တစ်ခု ၂၅၀၀ကျပ်နဲ့ မယူမနေရဆိုပြီး ဒီနေ့မနက်ပိုင်းက ရယကတွေ လာပေးတယ်လေ။ ကျွန်တော်တို့ ဆိုင်ရှင်တွေက မ၀ယ်ဘူးပြောတော့ မရဘူးတဲ့ဗျ॥ အတင်းကို ရောင်းတာ မ၀ယ်မနေရတဲ့လေ...။ ဆိုဒ်ကလည်း ခပ်သေးသေး... (၂)ပေပတ်လည်လောက်ရှိမယ်။ ချုပ်ရိုး ချူပ်သားကလဲဗျာ ကြမ်းသုတ်ဝတ်ကတောင် သူ့ထက် သားနားဦးမယ်॥။ အလံကို အစကတည်းက စိတ်မဝင်စားတော့ အပြင်မှာ ဈေးဘယ်လောက် ရှိမှန်းရာင်းမှန်းတောင် မသိဘူး..။ နောက်ဆုံး မဝယ်ရင်မရ ပေကပ်နေတော့ ပြသနာအဖြစ်မခံချင်လို့ ကျွန်တော်တို့လဲ ၀ယ်လိုက်ပါတယ်။ ပြောတော့ပြောလိုက်တယ် ၀ယ်တယ် နော် အလံမလွှင့်ရင်ရော ဖြစ်တယ်မလားလို့... မေးတော့ ပိုက်ဆံရတော့ ဘာတစ်ခွန်းမှ မပြောဘူး။ ငွေရတော့ လစ်သွားရော ကိုဒီမိုရေ.. ဆိုင်တွေတိုင်းပါပဲ..ဝယ်လိုက်ကြရတာ။ အလံဒီဇိုင်းလုပ်တုန်းက ကျွန်တော်တို့ ပြည်သူတွေ ဆန္ဒမမေးပဲ လုပ်ချင်တိုင်းလုပ်ခဲ့ပြီးတော့..။ အခုအလံကျတော့လည်း ဆန္ဒမပါပဲ ဝယ်ရပြုရနဲ့ အဲ့ဒါပဲ ကိုဒီမို လွှတ်တော်ခေါ်ပြီး အရေခြုံ အစိုးရတက်လာရင်လည်း.. ဘာထောက်ခံပွဲ ညာထောက်ခံပွဲတွေ လာဦးမယ်ထင်တယ်...။ အားလုံးသိအောင် ပြောပြလိုက်ရတာပါ.. ပြည်တွင်းကလူတွေရဲ့ လွတ်လပ်ရေးနေ့မှာ မလွတ်လပ်တဲ့ အလံလွှင့်နေရတဲ့ဘဝကိုပါ..။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ လွတ်လပ်ရေး
ဒီနေ့ လွတ်လပ်ရေးနေ့မှာ FaceBook သုံးသူတွေကြား ပျံ့နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ရဲ့ မိန်ခွန်း ကောက်နှုတ်ချက်။
မိန့်ခွန်း ပြောတဲ့နေ့စွဲ၊ နေရာ ဖော်ပြမထား။
January 4, 2011
"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။
ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။
တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။
ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"
"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"
"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"
"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။
ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...
အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။

0 comments:
Post a Comment