My Blog List

Tuesday, November 30, 2010

“ထုလ္လကောဋ္ဌိကရွာသား ရဋ္ဌပါလ (သို့မဟုတ်) လွတ်လပ်မှုကို ထုဆစ်ခြင်း”


နိဒါန်း

နှင်းကွဲသွားခဲ့ပြီ။

တောင်ခါးပန်းမှာ တိမ်ဖြူများ လေနှင့်အတူ အလိုက်သင့် တဖြည်းဖြည်း လွင့်မျောနေသည်။ ဆယ့်တစ်နာရီ ၀န်းကျင်မို့ နေက ၀င်းမှည့်နေသည်။ တောင်တွေက လက်ဖက်ခင်းတွေကို ထမ်းထားသည်။ ရတနာပုရ ရာသီဥတုက စိတ်ကိုလတ်ဆတ်စေသည်။ အသက်ရှုသံကို သတိထားရင်း စိတ်ကိုငြိမ်သက်အောင် မျက်လွှာကို ခဏချထားလိုက်သည်။ ဘုတ်စမွဲငှက် တစ်ကောင်ရဲ့အော်သံကြောင့် မျက်လွှာကိုအသာလှပ်ကာ အသံလာရာသို့ ကြည့်မိသည်။ သစ်ကိုင်းခြောက် ပြုတ်ကျသံကြောင့် ငှက်နှစ်ကောင်လန့်ပျံသွားသည်။ ခပ်နီးနီးမှ သရက်ပင်တွင် နားခိုသွားသော ငှက်နှစ်ကောင်ကို ငေးရင်း သရက်ပင်ဆီသို့ တဖြည်းဖြည်းလျှောက်လာခဲ့မိသည်။ သရက်ပင်အောက်ပင်ကကွပ်ပျစ်မှာထိုင်ရင်း နေရောင်ဆန်းထားတဲ့ ခပ်စိမ်းစိမ်း လဘက်ခင်းတွေကို ငေးနေမိသည်။ ရေတံခွန်မှ ရေချိုးပြီး လဘက်ခင်းထဲမှ လမ်းကွေးကျဉ်းကျဉ်းလေးအတိုင်း ကျောင်းသင်္ခန်းဆီသို့ ပြန်လာသော ရဟန်းတစ်ပါးကို အရိပ်ကောင်းကောင်း သရက်ပင်အောက်တွင် နေခိုရင်း လှမ်းမြင်လိုက်မိသည်။ တဖြည်းဖြည်းလျှောက်လာရင်း သရက်ပင်ရိပ်သို့ သူဝင်လာခဲ့သည်။

အရပ်အမောင်း မြင့်မြင့်မားမား၊ သင်္ကန်းသပ်သပ်ရပ်ရပ်၊ ချထားသော မျက်လွှာ၊ ဦးခေါင်းပြောင် ၀င်းဝင်းနှင့် ကျက်သရေရှိလှပေသည်။ သူက တည်ငြိမ်တဲ့အပြုံးနဲ့အတူ ခြေစုံရပ်ကာ လက်ဆွဲ နှုတ်ဆက်ဖြစ်ကြသည်။ အလ္လာပသလ္လာပတွေ ပြောရင်း မိမိက “ဘာကြောင့်ရဟန်းဝတ်လာခဲ့တာလဲ” ဟု မေးခဲ့သည်။ လေဝေ့သွားသော သင်္ကန်းကို အောက်ခြေသိမ်းရင်း မျက်လွှာချကာ “ရဋ္ဌပါလဇာတ်ကို ဖတ်ပြီး နှစ်ပတ်အကြာမှာ ရဟန်းဝတ်လာခဲ့သည်” ဟု ပြောသည်။ အခု လေးဝါရှိပြီဖြစ်ကြောင်း အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီ ဖြစ်ကြောင်း တဆက်တည်း ပြောပြသည်။

ရတနာပုရမှ အပြန် ကျောင်းရောက်သောအခါ မိမိကိုယ်ကိုယ်မိမိ “ငါဘာကြောင့် ရဟန်းဖြစ်လာ ခဲ့သလဲ” ဟု ပြန်မေးမိသည်။

“ချစ်သူမုန်းလို့ ရဟန်းဖြစ်လာခဲ့သလား၊ သံသရာကို ခုန်ရှောင်ရာမှ မတော်တဆ ရဟန်းဖြစ်လာခဲ့သလား၊ ပွင့်ချပ်တွေကြွေနေတဲ့ ပန်းတစ်ပွင့်ကို မြင့်ခဲ့လို့လား၊ မျောက်တွေကို လူစကားနှင့် လူလိုနားလည်အောင် သင်ပေးခဲ့တာ မအောင်မြင်လို့လား၊ ကဗျာဆရာ သစ္စာနီရဲ့ စကားကို ခပ်ဆင်ဆင်ငှားပြောရရင် မတော်တဆ အသည်းကွဲရာမှ ရဟန်းဖြစ်လာခဲ့သလား ကောင်းမလေးတစ်ယောက်ကို ချစ်ရတာ ချိန်ကိုက်ဗုံးထည့်ထားတဲ့ နှင်းဆီပန်းကို နမ်းရသလို ခံစားမိလို့လား၊ ကော်ဖီသောက်ရင်း နာရေးကြော်ငြာသတင်းစာ မဖတ်ရဲလို့လား၊ သဘာဝမကျ တဲ့အတိတ်၊ သဘာဝမကျတဲ့ ပစ္စုပ္ပန်၊ သဘာဝမကျတဲ့အနာဂတ်ကို ရွံမုန်းခဲ့လို့လား၊ အမှိုက်ပုံကလွင့်လာပြီး ခြေထောက်ကိုလာကပ်တဲ့ သတင်းစာကိုဖတ်မိရာမှ မျောက်တွေလူဝတ်လဲ လူလည်လုပ်နေတာကို မြင်ခဲ့မိလို့လား” လားပေါင်းများစွာနှင့် ကြယ်ရောင်တွေရဲ့အအေးဓာတ်ကို အော်ခေါ်နေမိသည်။

အဲဒီနောက် ဗုဒ္ဓနဲ့ အရှင်ရဋ္ဌပါလတို့ရဲ့ မတော်တဆ တွေ့ဆုံမှုလေးကို တွေးနေမိသည်။


“ထုလ္လကောဋ္ဌိကရွာသား ရဋ္ဌပါလ (သို့မဟုတ်) လွတ်လပ်မှုကို ထုဆစ်ခြင်း”

တစ်နေ့ ဂေါတမဗုဒ္ဓသည် များစွာသော ရဟန်းသံဃာတို့နဲ့အတူ ကုရုတိုင်းတွင် ဒေသစာရီ လှည့်လည်တော်မူရင်း ထုလ္လကောဋ္ဌိကနိဂုံးသို့ ရောက်နေ၏။

ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားတွေနဲ့ အမျိုးသားတို့ဟာ ရဟန်းဂေါတမ သူတို့ဒေသကို ရောက်နေတယ်လို့ သတင်းကြားကြတယ်။

အဲဒီအခါမှာ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားတွေနဲ့ အမျိုးသားတွေဟာ မြတ်စွာဘုရားထံကို သွားကြတယ်၊ သူတို့ အထဲမှာ ရဋ္ဌပါလ လို့ခေါ်တဲ့ လူငယ်တစ်ယောက်လဲ ပါတယ်။

ရဋ္ဌပါလရဲ့ စိတ်ကူးချို

ရဋ္ဌပါလတစ်ယောက် ပရိသတ်အလည်မှာတရားနာရင်း ''ငါဟာ မြတ်စွာဘုရား ဟောတဲ့ တရားတော်ကို သိတဲ့အတိုင်း ကျင့်မယ်ဆိုရင် လူဝတ်ကြောင်ဘ၀နဲ့ ပြည့်စုံအောင်ကျင့်ဖို့ဆိုတာ မလွယ်ဘူး၊ ရဟန်းဝတ်ပြီး တရားအားထုတ်ရရင် ကောင်းမှာဘဲ" လို့ စဉ်းစားနေတယ်။

အဲဒီအချိန်မှာ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားတွေနဲ့ အမျိုးသားတွေလဲ မြတ်စွာဘုရားထံက ပြန်သွားကြတယ်။

အဲဒီနောက် ရဋ္ဌပါလဟာ မြတ်စွာဘုရားထံမှာ ရဟန်းပြုခွင့် တောင်းတယ်။ မြတ်စွာဘုရားက ရဋ္ဌပါလ မင့်ကို မင်းရဲ့အမိအဖတွေက ရဟန်းပြုခွင့် ပေးရဲ့လား လို့ မေးတယ်။ အသျှင်ဘုရား တပည့်တော်ကို တပည့်တော်ရဲ့အမိအဖတွေက လူ့ဘောင်မှ ရဟန်းပြုရန် ခွင့်မပေးသေးပါ လို့ လျှောက်တယ်။

မြတ်စွာဘုရားက “ရဋ္ဌပါလ ငါဘုရားဟာ အမိအဖတွေက ခွင့်မပြုတဲ့ သားကို ရဟန်းပြုခွင့် မပေးဘူး” လို့ မိန့်တော်မူတယ်။

အသျှင်ဘုရား တပည့်တော်ကို မိဘတွေက ရဟန်းပြု ခွင့်ပေးအောင် ပြုပါမည်ဘုရား လို့ လျှောက်လိုက်တယ်။

အဲဒီနောက် ရဋ္ဌပါလဟာ မိဘတွေထံမှာ ရဟန်းပြုခွင့် တောင်းတယ်။

“ဘယ်လို ပြောလိုက်တာလဲ သားရယ်၊ သားဟာ ဖေဖေ,မေမေတို့ရဲ့ တစ်ဦးတည်းသော သားလေ၊ ဒီကမ္ဘာပေါ်မှာ ချစ်စရာ ဆိုလို့ သားလေးတစ်ယောက်တည်း ရှိတာ၊ သားကိုမခွဲနိုင်ဘူး၊ သားကိုမခွဲနိုင်ဘူး၊ သားကိုမခွဲနိုင်ဘူး၊ ဒီမယ်သား.. သားသိအောင် ပြောရရင်လေ ရဟန်းဘ၀ဆိုတာ သိပ်ဆင်းရဲတာ ၀တ်ချင်သလို မ၀တ်ရဘူး၊ စားချင်သလို မစားရဘူး၊ ကာမဂုဏ်ဆိုတာ ဝေးရော ခေါင်းဖီးချင်လို့မှ ဆံပင်မရှိတဲ့ ဘ၀၊ ကိုယ့်ကိုယ်ကို ဒုက္ခမပေးချင်စမ်းပါနဲ့ သားရယ်၊ သားက ငယ်ငယ်ကတည်းက အကြမ်းအတမ်းဆိုလို့ ရေတောင်မှ ကိုယ်တိုင်ရေခွက်ကိုင်ပြီး သောက်ခဲ့တာမဟုတ်ဘူး၊ ရဟန်းဘ၀ဆိုတာ ရွှေမရှိ၊ ငွေမရှိ၊ ဆွေမရှိ၊ မျိုးမရှိ၊ တစ်ကောင်ကြွက်၊ သူတောင်းစားလိုနေရတာ။ တစ်အိမ်ဝင် တစ်အိမ်ထွက် ခြေတိုအောင် လိုက်တောင်းရတာတောင်မှ ဗိုက်ဝအောင် စားရဖို့မလွယ်ဘူး။ မိတစ်ကွဲ ဖတစ်ကွဲနဲ့ သားကိုပစ်မထားနိုင်ဘူး။ သေခါမှ ခွဲချင်ခွဲမယ်၊ အသက်ရှင်ရဲ့နဲ့တော့ ဘယ်နည်းနဲ့မှ သားကိုမခွဲနိုင်ဘူး။ ခြေကတုံး၊ ခေါင်းကတုံး၊ သပိတ်မဲလုံးနဲ့ အဖေတို့အမေတို့ မျိုးတုံးအောင် မကြံစည်ပါနဲ့ သားရယ်။ ဘာပဲဖြစ်ဖြစ် သားကို အဓိပ္ပါယ်မရှိတဲ့ ရဟန်းတော့ ပေးမ၀တ်နိုင်ဘူး။ ခွင့်မပြုနိုင်ဘူး။

ရဋ္ဌပါလဟာ သူ့ရဲ့မိဘတွေကို အကြိမ်ကြိမ် ရဟန်းပြုဖို့ ခွင့်တောင်းတယ်။ ဒါပေမယ့် ရဋ္ဌပါလ ‘ဟင့်အင်း’ သံပဲ ခါးခါးတူးတူး ကြားခဲ့ရတယ်။

ဆက်လက်ရေးသားပါဦးမည်။

ဇာဂရဗုဒ္ဓိ

0 comments: