My Blog List

Thursday, October 21, 2010

အရောင်တွေကွဲသွားတဲ့နေ့


အရောင်တွေကွဲသွားတဲ့နေ့


အရောင်ကွဲညီနောင်တွေကိုတွေ့ရတော့ ဇာဂရ ၀မ်းနည်းနေမိ၊

အဲဒီနေ့က ဂေါတမဗုဒ်ဓ ဗိုလ်ချုပ်အောင်းဆန်းနဲ့ ဂန္ဒီကြီးတို့က ငါကို တရားတွေ ၀ိုင်းဟောကြ။

မျက်ရည်တွေနဲ့ တရားနာနေတဲ့ အစိမ်းသရဲတစ်ကောင်လို ငါ သမာဓိတွေ မရ တစ်ချက်၊ ရ တစ်ချက်၊

လူဆိုတာ အခြေအနေအရ ခဏ ခဏ ကိုယ့်ကိုကိုယ် သစ္စာဖောက်နေကြရတဲ့ သတ္တ၀ါတွေပါလား ဆိုတဲ့ ကဗျာတစ်ပိုဒ်ကို ထပ်ခါထပ်ခါ သရဈာယ်နေမိ၊

မရင့်ကျက်သေးတဲ့ အမှန်တရားက ပါးစပ်ထဲက ခုန်ထွက်သွားတယ်။

ငါ မမှားဘူး။ အဲဒါ အတိအကျပဲ။

ငါဟာ အမှန်လွန်နေတဲ့ကောင်။

ငါတို့ အနာတွေ တကယ်ပျောက်သွားတာလား။

အရည်ပျော်သွားတဲ့ ဦးဏှောက်တွေ နှလုံးသားတွေ။

အရောခံရရင် အရည်ပျော်တက်တယ်တဲ့ သိပ်ပံဆရာအချို့က သာဓကပြ။

ဇာဂရ မင်းက အရေထူအောင် လေ့ကျင့်ရဦးမယ့် တိုက်ဆင်၊

အသားကျအောင် လေ့ကျင့်ရဦးမယ့် မြင်းတစ်ကောင်၊

သည်းခံတက်အောင် လေ့ကျင့်ပေးရဦးမယ့် နွားတစ်ကောင်၊

ဇာဂရ မင်းက ခွေးတစ်ကောင်လို သစ္စာရှိတယ်လား၊

မင်း မဆန့်ကျင်နဲ့၊ မင်း တော်လှန်ရမယ်၊

မဆန့်ကျင်ဘဲ တော်လှန်တဲ့ ၀ါဒကို မင်း လက်ကိုင်တုတ်(ဒုတ်)သဖွယ် သဘောထားပါ၊

ဗုဒ်ဓက ဇာဂရ သပိတ်မှောက်သင့်သူကို မှောက် တဲ့၊

ဂန္ဒီကြီးက ဇာဂရ ခန္တီဝါဒနဲ့ လွတ်လပ်မှုကို တိုက်ယူ တဲ့၊

ဗိုလ်ချုပ်က ဇာဂရ ဗမာတွေဟာ ဗမာပြည် ပြန်လည်တည်ထောင်ရေးအတွက် အသုံးမကျချင်ဘူး၊ ဗမာပြည် ဒီမိုကရေစီအတွက် အသုံးမကျချင်ဘူး၊ ပိုက်ဆံရရင် အကုန်ရတဲ့ ဖာသည်မ လိုပဲ၊ ဒီလိုလုပ်နေသမျှကာလပတ်လုံး ဒီတိုင်းပြည် ဘယ်တော့မှ ကမ္ဘာ့အဆင့်မီနိုင်ငံဖြစ်မလာနိုင်ဘူး၊ ဖာသည် တိုင်းပြည်ဖြစ်ဖို့ပဲရှိတယ်၊ ဒါပဲ…။

ငါ ဒူးထောက် တရားနာနေတယ်။

ငါ သမာဓိနဲ့ သစ္စာကို ပြည့်ပြည့်၀၀ ငါ ဖက်ကိုင်ထားတယ်။ အဲဒါ ဇာဂရ ပဲ။

ဇာဂရ မင်း စာကျက်ကွာ

စာမေးပွဲအောင် အောင်ဖြေခဲ့နော်

မင်း ပညာစုံတတ်အောင် သင်ခဲ့ပါ

မင်း တတ်ထားတဲ့ အရာတွေနဲ့

ငါ့ လက်ထိပ်ကို ဖြုတ်ပေးပါ တဲ့

အမေ ရေးလိုက်တဲ့စာ။

ကဲ………..

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

မှတ်ချက်။ ………

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိသည်။

လွပ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိသည်။

၂၂.၁၁.၀၉ တနင်္ဂနွေနေ့

0 comments: