My Blog List

Monday, May 2, 2011

ရှာခြင်း


(၁)
ရှာနေသည်။ သူ ရှာနေသည်။ ပျောက်သွားသော အရာဝတ္ထုကို သူ ရှာနေခြင်းမဟုတ်။
မပျောက်ပျက်သေးသော တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်ကို သူရှာနေသည်။

(၂)
သူ့တွင် မီးတို ဖိနပ်တစ်ရံ ရှိသလို သူ့တွင် ခပ်ပိန်ပိန် ခွေးတစ်ကောင်ရှိသည်။ သူရှာနေသည်မှာ ဖိနပ် မဟုတ်သလို ခွေးပိန်လေးလည်း မဟုတ်ပါ။ သို့သော် သူ သည်းကြီးမည်းကြီး ရှာနေသည်။ သူ့တွင် ဂျင်းဘောင်းဘီအဟောင်းတစ်ထည် ရှိသလို ခပ်စုတ်စုတ်ပုဆိုးတစ်ထည် ရှိသည်။ သူရှာနေသည်မှာ ဂျင်းဘောင်းဘီအဟောင်းတစ်ထည် မဟုတ်သလို ခပ်စုတ်စုတ်ပုဆိုးတစ်ထည်လည်း မဟုတ်ပါ။ သူရှာနေသည်။ သူ သည်းကြီးမည်းကြီး ရှာနေသည်။ သူ့တွင် ခပ်နွမ်းနွမ်း တီရှပ်အင်္ကျီတစ်ထည်ရှိသလို ပင်နီအင်္ကျီတစ်ထည်ရှိသည်။ သူရှာနေသည်မှာ ခပ်နွမ်းနွမ်း တီရှပ်အင်္ကျီတစ်ထည် မဟုတ်သကဲ့သို့ ပင်နီအင်္ကျီလည်း မဟုတ်ပေ။ သူ့တွင် လက်ပက်နာရီ အအိုတစ်လုံး ရှိသလို အချိန်မှန်နှိုးစက် ကြက်တစ်ကောင်ရှိသည်။ နာရီသည် သူ့လက်တွင်ရှိ၍ ကြက်ဖသည် အိပ်တန်းတွင် အညောင်းဆံ့နေလေသည်။ သူရှာနေသည်မှာ သူရှာနေသော အရာ ဖြစ်လေသည်။ အိပ်စက်နားခိုရာ အရိပ်ကောင်းကောင်း အပင်အိုရှိသလို ကောက်ရိုးမွေ့ရာတစ်ခုရှိသည်သည်။ သောက်စရာ ရေအိုးနှင့် အုန်းမှုတ်ခွက်ရှိသည်။ လောကကြီး၏ သတင်းအတင်းနှင့် စိတ်အညောင်းဖြေစရာ ရေဒီယိုခပ်စုတ်စုတ်တစ်လုံး ရှိသည်။ ချိုနှင်းလွင်ခေါ် ချစ်သူအသစ်လေး ရှိသည်။ ချိုနှင်းလွင်တွင် သူနမ်းရှိုက်နေကျ ဓားဒဏ်ရာလေးနဲ့ပါးပြင်မို့မို့လေးရှိသည်။ သူထိုင်နေကျညစ်ထေးထေး ပက်လက်ကုလားထိုင်လေး တစ်လုံးရှိသည်။ကော်ဖီဂျိုး အလိမ်းလိမ်းနှင့် မဆေးဖြစ်သော ကော်ဖီခွက်မဲမဲလေး တစ်လုံးရှိသည်။ ပုရွက်ဆိတ်တက်နေသော မနက်စာအတွက် ပေါင်မုန့်ရှိသည်။ မိုးရာသီကို ခေါင်းမော့မျှော်နေတဲ့ မိုးဆာနေတဲ့ စိုက်ခင်းတစ်ခုရှိသည်။ ချစ်စရာကောင်းသော ရန်သူများရှိသည်။ ချစ်စရာကောင်းသော သူငယ်ချင်းများရှိသည်။ မိုဟာမက်နှင့် အလ္လာဟ်အရှင်မြတ်ရှိသည်။ ဗုဒ္ဓဂေါတမနှင့် ရွာဦးကျောင်းဆရာတော်ရှိသည်။ ယေရှုခရစ်တော်နှင့် ယေဟောဝါရှိဟည်။ ကိုရ်အန်ကျမ်းမြတ်နှင့် အိုစမာဘင်လာဒင်ရှိသည်။ သူ့တွင် သမ္မာကျမ်းစာအုပ်ရှိသလို ပိဋကတ်ခြင်းတောင်းတွေလည်း ရှိသည်။ သူရှာနေသည်မှာ သမ္မာကျမ်းစာအုပ် မဟုတ်သလို ပိဋကတ်ခြင်းတောင်းတွေလည်း မဟုတ်ပါ။ သူ ဇွတ်တရွတ်ရှာနေသည်။

(၃)
သူ ရှာနေသော အရာများ သူ့ဘေးတွင်ရှိ၍ သူရှာနေသော အရာမှာ သူရှာမတွေ့ဖြစ်နေလေသည်။ ကျမ်းစာတွေထဲတွင် သူ ရှာသည်။ အိပ်ယာအောက်တွင် သူ ရှာသည်။ ဘုရားစဉ်ပေါ်တွင် သူ ရှာသည်။ ရေတွင်းထဲတွင် သူ ရှာသည်။ ရေအိုးထဲတွင် သူ ရှာသည်။ ရွာဦးကျောင်းထဲတွင် သူ ရှာသည်။ ချိုနှင်းလွင်၏ အ၀တ်သေတ္တာထဲတွင် သူ ရှာသည်။ ကော်ဖီခွက်ထဲတွင် သူ ရှာသည်။ မီးဖိုထဲတွင် သူ ရှာသည်။ ကြက်ဖကြီး၏ အိပ်တန်းတွင် သူ ရှာသည်။ သူ ဒေါင်းတောက်အောင် ရှာဖွေနေသော်လည်း သူ ရှာမတွေ့ပေ။

(၄)
သူစိတ်ကို လျှော့ချလိုက်သည်။ မျက်လွှာကို အသာချကာ မျက်လုံးကို မှိတ်လိုက်သည်။ လက်နှစ်ဖက်ကို သူ့ရင်ခွင်ထဲတွင် ယှက်တင်လိုက်သည်။ ၀င်သက် ထွက်သက်ကို စောင့်ကြည့်လိုက်သည်။

(၅)

.........................သူ..............................သူ....................................သူ.........................................။
......................................................................................................................................................။
..........................................................................................................................................................။
သူရှာတွေ့သွားလေသည်။ သူ့ကိုသူ ရှာနေတာ၊ အခု သူမဟုတ်တဲ့ သူ့ကိုသူ ရှာတွေ့သွားလေသည်။


0 comments: