My Blog List

Friday, April 29, 2011

သူသည် လူဖြစ်သည်။


ဒီရက်ပိုင်း အတွင်း ဘာရယ်မဟုတ် အလုပ်တော်တော် ရှုပ်နေသည်။ စာမဖတ်ဖြစ်။ ဆိတ်ငြိမ်ရာသို့ မချဉ်းကပ်မိ။ သူငယ်ချင်းများ၏ စေညွှန်ရာသို့ သူသွားနေရသည်။ မာန်မာန မထားလိုသော သူ့စိတ်က အောက်ကြို့ကာ သူ့ အတ္တ၏ အစွယ်များ ဖဲ့ချိုးနေလေသည်။

သူသည် တွေတွေ ငေးငေးဖြင့် တိမ်တွေကို စကားပြောနေလေသည်။ တိမ်တွေသည် စကားတပြောပြောဖြင့် မြောက်အရပ်သို့ လေနှင့်အတူ လမ်းသလားနေကြသည်။ သူသည် ခပ်တည်တည်ဖြင့် ဘ၀တန်ဖိုးကို စဉ်းစားနေလေသည်။ ဘ၀သည် မွေးဖွားသည်။ ဘ၀သည် အသက်ရှူသည်။ ဘ၀သည် ခေတ္တ အနားယူသည်။ သူသည် သူ့ဘ၀၏ ပုခက်အတွင်းနှင့် ခေါင်းတလား အကြား ရှုပ်ပွေလည်မှုဖြင့် ချစ်ခင်တပ်မက်ဖွယ်ကောင်းသော ဖြစ်ရပ်ဖြစ်စဉ်ကို သူမက်မက်မောမော ဖြစ်နေသည်။

လူသားသည် သူနှင့် သူ့ပတ်ဝန်းကို တွယ်တာသည်။ သူသည် လူဖြစ်သည်။ သူ့ကိုသူ ချစ်သည်၊ တပ်မက်သည်၊ တွယ်တာသည်။ သူသည် လူဖြစ်သည်။ သူ့မိခင်ကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့ဖခင်ကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူသည် သူ၏ ညီလေး ညီမလေးများကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့ချစ်သူကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူသည် လူဖြစ်သည်။ မုန်းစရာကောင်းသူများကို မုန်းသည်။ ဒေါသဖြစ်သည်။ ဆဲရေးတိုင်းထွာသည်။ သူသည် လူဖြစ်သည်။ သူ့ဆရာကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့ရွာကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့မြို့လေးကို ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့တိုင်းကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့ နိုင်ငံတော်ကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ လွတ်လပ်မှုကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ လောဘဖြစ်သည်။ လူ့ အခွင့်အရေးကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူ့ယုံကြည်ရာကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူနှင့် သူ့တိုင်းပြည် အနာဂတ်ကို သူ ချစ်သည်။ တပ်မက်သည်၊ တွယ်တာသည်။ သူသည် အနာဂတ်ကို အမိအရ ဆုပ်ကိုင်လိုသည်။ သူသည် လူဖြစ်သည်။

ဤသို့ဖြင့် သူသည် ဘ၀သစ်ကို မျှော်လင့်ပြန်သည်။ သူသည် မရသေးသော ဘ၀သစ်တွင် အေးငြိမ်းလိုသည်။ ချမ်းသာလိုသည်။ ငြိမ်းချမ်းတိုးတက်သော နိုင်ငံတော် တစ်ခုတွင် နေထိုင်လိုသည်။ သူသည် ဆင်းရဲသူများအား ကူညီချင်သည်။ သူသည် စည်းစိမ်မာန်ဖီနေသော အာဏာမာန်ဖီနေသော ပညာမာန်ဖီနေသော သူများကို အမြစ်ဖြတ်လိုသည်။ သူသည် လူဖြစ်သည်။ သူသည် လူ့ငြိမ်းချမ်းရေးကို ခပ်တည်တည်ဖြင့် တွေးတောသည်။ ဤသို့ဖြင့် သူသည် လူ့ဘ၀ကို တွယ်ကပ်နေသည်။ တပ်မက်နေသည်။

ယခုအခါ သူသည် အသက်သုံးဆယ့်တစ်နှစ်ထဲသို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီဖြစ်သည်။ သူသည် အာဏာရှင် လက်အောက်တွင် ကြီးပြင်းလာရသူ ဖြစ်သည်။ သူ၏ ဆယ်စုနှစ် သုံးခုလုံး အာဏာရှင် လက်အောက်တွင် အသုံးမကျ ဖြစ်ခဲ့ရသည်။ ကိုယ်ကျိုးကိုသာ မြင်တတ်သော အာဏာရှင်စနစ်ကို သူ မျက်မုန်းကြိုးသည်။ အာဏာရှင်တော်လှန်ရေးတွင် သူသည် ၀င်ရောက်ခဲ့ဖူးသည်။ မညီညွတ်သော တော်လှန်ရေးသမားများကို သူ စိတ်တိုသည်။ သူသည် လူဖြစ်သည်။

သူသည် လူဖြစ်သောကြောင့် လူ့တာဝန်ကို ထမ်းရွက်လိုသည်။
သူသည် ခေတ်ထဲက လူဖြစ်၍ ခေတ်ဝန်ကို ထမ်း၍ ခေတ်လမ်းကို လျှောက်လိုသည်။
သူသည် လူဖြစ်သည်။

Dကောင်းကင်

0 comments: