My Blog List

Thursday, April 14, 2011

အလည်လာတဲ့ နွေ


အဲဒီနေ့က နံနက်ခင်းသည် နေရောင်ချည်ဖြင့် မျက်နှာသစ်၍ ကြက်တွန်သံကို ငံ့လင့်နေလေသည်။ ပိတောက်ပန်းတို့သည် လက်ခုပ်တီး၍ လေနှင့်အတူ သင်္ကြန်ယိမ်းကနေလေသည်။ ကောင်းကင်မှ နေမင်းသည် သူ၏ အလင်းရောင်တည်းဟူသော ၀ါးလုံးကွဲ ရယ်သံဖြင့် ကမ္ဘာလောကသားတို့အား လှုပ်နှိုးလိုက်လေသည်။ အသံဝင်နေသော ဥသြတစ်ကောင်သည် ထနောင်းပင်၏ ရင်ခွင်ထဲ၌ မြနန္ဒာသီချင်းတစ်ပုဒ်ကို အော်ဆိုနေလေသည်။

သူသည်အိမ်ရှေ့ တမာပင်ရင်း၌ရှိသော ကွပ်ပျစ်ပေါ်၌ ထိုင်ကာဆိုင်ဝိုင်းအတွက်နှဲကိုပြင်နေလေသည်၊ နွားခြံထဲမှ နွားတစ်ကောင် လွတ်သွားသောကြောင့် နွားကျောင်းသားကနွားကိုလိုက်ဖမ်းနေသည်ကို တစ်ချက်လှည့်ကြည့် လိုက်သေးသည်၊ မီးဖိုချောင်ထဲတွင် မီးခိုးတို့အူနေသောကြောင့် ခေတ္တခဏ ထကြည့်လိုက်သည်၊ အ၀တ်စုတ် မီးဖိုထဲကျ၍မီးခိုးအူနေသည်ကို သူသတိထားမိသည်၊ ရေဖြင့်ညိမ်းသတ်၍ အိမ်ရှေ့ကွပ်ပျစ်သို့ပြန်လာခဲ့သည်၊ အောင်နက်သည် ယုန်တစ်ကောင်ကို ကိုက်ချီ၍ ယာတောမှ ပြန်လာခဲ့သည်။ သူ့၏ အောင်မြင်မှုအတွက် ဂုဏ်ယူဝင့်ကြွားကာ အော်ဟစ်ပျော်မြူးနေသည်။ ဒီနှစ်သင်္ကြန်သည် အဖော်ငတ်နေသည် ဟု နွေဦးလှိုင်က လာပြောခဲ့လေသည်။

တန်ခူးလသည် ဥသြငှက်ငယ်အား လာရောက်နှုတ်ဆက်သည်။ လ အတန်ကြာသောအခါ တန်ခူးလသည် ဥသြငှက်ငယ်အား တစ်ကောင်ထဲ ထားခဲ့ပြန်သည်။ ရာသီစက်ဝန်းသည် ပန်းမာလ်တို့ဖြင့် ခမ်းနားစွာ လည်ပတ်နေလေသည်။ မိုးသည်းထဲတွင် ထမီရေစိုဖြင့် လမ်းလျှောက်လာသော ပိတောက်ခက်လေးသည် လှချင်တိုင်းလှနေသည်။ လူတစ်ယောက်၏ မွေးနေ့သည် တစ်သက်တွင် နှစ်ခါဖြစ်နိုင်ပါသလား။ မွေးနေ့သည် တစ်ခါလား၊ အကြိမ်ကြိမ်အခါခါလား။ လူတို့သည် မွေးကင်းစအရွယ်တွင် သူတို့၏ ပထမဦးဆုံးသော မွေးနေ့ကို မသိကြချေ။ မွေးနေ့ပွဲအခမ်းအနားအနေဖြင့်လည်း ကျင်းပခြင်း မပြုလုပ်နိုင်ခဲ့ကြချေ။ မိခင် ဖခင်တို့သည် သူတို့၏ သားငယ် သ္မီးငယ်တို့ စတင်မွေးလျှင်မွေးချင်း အဘယ့်ကြောင့် မွေးနေ့ပွဲအခမ်းအနားကို ပြုလုပ်မပေးသနည်း။ သူသည် သူ၏ မွေးနေ့ကို မသိချေ။ သူ့ချစ်သူ၏ မွေးနေ့ကိုလည်း သူ မမှတ်မိချေ။ သူ့မိဘ၏ မွေးနေ့တို့ကိုလည်း သူ မသိချေ။ သို့သော် သူ ခပ်တည်တည်ဖြင့် သိချင်ဟန်ဆောင်ထားသော မွေးနေ့ရှင်သုံးဦး၏ မွေးနေ့ကို လူပြောသူပြောအလိုအရ သူမှတ်ထားသည်။ ထိုသူသုံးဦးတို့ကို သူလေးစားကြည်ညိုချစ်ခင်၍ မှတ်ထားခြင်းဖြစ်သည်ဟု သူငယ်ချင်းများကို သူတစ်ခါတစ်လေ ပြောဖူးသည်။ သို့သော် ထိုသူသုံးဦးတို့မှာ ဆုံးရှာလေပြီ ဖြစ်သည်။ ထိုသူသုံးဦးတို့မှာ အဘယ်သူတို့နည်းဟု သူငယ်ချင်းများက မေးလျှင် ဂေါတမဗုဒ္ဒ၊ ယေရှုခရစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဖြစ်ကြောင်း ခပ်တည်တည်နှင့် လူပြောသူပြောအလိုအရ သူပြောတတ်သည်။ သူငယ်ချင်းများက သူတို့၏ မွေးနေ့ပွဲအခမ်းအနားသို့ သူ့ကိုခေါ်သော်လည်း သူမသွားလိုပေ။ အူတူတူကြီးခံစားရ၍ စကား တစ်လုံး နှစ်လုံးပြောကာ လစ်ပြေးလေ့ရှိသည်။ မွေးနေ့လက်ဆောင်ပေးလျှင် သူလက်မခံသည်က များသည်။ အခြား အသိမိတ်ဆွေများကိုလည်း မွေးနေ့လက်ဆောင်ပေးလေ့ မရှိချေ။ ပေးလိုစိတ်လည်း စိုးစဉ်းမျှမရှိချေ။ စေတနာအလျှောက် သူဧည့်ခံကောင်း ဧည့်ခံမည် ဤနေ့သည် သူ့မွေးနေ့ဖြစ်၍ ဧည့်ခံသည်ဟူ၍ကား မရှိခဲ့ဘူးချေ။ ဤနေ့သည် သူ့မွေးနေ့ဖြစ်ကြောင်း သူ့မိခင်က သူငယ်စဉ်က တစ်ခါ အခုတစ်ခါ ပြောပြဖူးခဲ့သည်။ ဤနေ့သည် သူ့မွေးနေ့ဖြစ်ကြောင်း သူ့ဖခင် မှတ်ထားဟန်မတူချေ။

ဤနှစ်သစ် မတိုင်ခင် သူတို့၏ ချူချာလွန်းသော တိုင်းဇနပုဒ်တွင် ညစ်ညစ်တူးတူး အုပ်ချုပ်ရေး ယန္တရားသစ် တစ်ခုကို လူညစ်များက ခပ်တည်တည် ကလိန်ဆင်၍ သမ္မတနိုင်ငံတော်ယောင် ဟန်ဆောင်ခဲ့ကြသည်။ အတိုက်အခံခေါင်းဆောင်ဖြစ်သော လူထု၏အားကိုးရာဖြစ်သော စစ်မှန်သောဒီမိုကရေစီဝါဒကို အထူးတစ်လည် လိုလားသော လွတ်ရေးဖခင်ကြီးကိုချစ်သော သူက ထိုညစ်ထေးသော ကျွန်ဇာတ်သွင်း အတုအယောင် သမ္မတနိုင်ငံတော်ကို သဘောတူလက်ခံကာ အားကိုးအားထားသူတို့၏ စိတ်ဓာတ်ကိုမှ အားမနာ နိုင်ငံရေးကို ခေါင်းရှောင်လေသလော ဟု သူတွေးတောနေမိသည်။

ကော်ဖီခွက်က သူ့ကိုသောက်ပြီး သူက သူ့ကိုသူ ပြန်သောက်နေရသည်။ ဤနှစ်သစ်၊ ဤမွေးနေ့၊ ဤခပ်ကြောင်ကြောင် သမ္မတနိုင်ငံတော်သစ်၊ ဤအိပဲ့ပဲ့လူထုနှင့် ဤလူထုခေါင်းဆောင်တို့သည် သူ၏ စိတ်ကို လန်းဆန်း လွတ်လပ်ခြင်းကို ရိုက်ချိုးလိုက်ကြလေသလော ဟု သို့လော သို့လော မေ့မျော တွေးတော ငေးမောနေလေသည်။

ဤနှစ်သစ်တွင် ချူချာလွန်းသော တိုင်းဇနပုဒ်သားတို့မှာ အစာငတ်ကြသည်။ အသက်ငတ်ကြသည်။ အတတ်ပညာ ငတ်ကြသည်။ အသိပညာ ငတ်ကြသည်။ ပျော်ရွှင်မှု ငတ်ကြသည်။ လွတ်လပ်မှု ငတ်ကြသည်။ စွမ်းအင် ငတ်ကြသည်။ အသစ် ငတ်ကြသည်။ အချစ် ငတ်ကြသည်။ အမှန်တရား ငတ်ကြသည်။ အစံတရား ငတ်ကြသည်။

သူ၏ မွေးနေ့ ဤနေ့တွင် သူစိတ်ညစ်နေလေသည်။ စံပယ်ပန်းရုံလေးက သူ့ကို သီချင်းဆိုပြသော်လည်း သူငိုင်မှိုင်နေသည်။ ပိတောက်ခက်လေးတွေက က ဖို့ပြောသော်လည်း သူ မက ပဲ တွေဝေနေသည်။ ဤနှစ်သစ်တွင် သူ စွံ့အနေလေသည်။

နွေဥတု၏ ကောက်ကျစ်မှုသည် အလှကြီး လှနေသည်။ နေရောင်ခြည်နီရဲရဲသည် ရေကန်ရှိ သောက်ရေသုံးရေတို့ကို မီးရှို့နေကြောင့်ထင်၏၊ ရေကန်ကြီးမှာ ပါးစပ်ကြီးပြဲ၍ အသားတွေပါ မဲကုန်သည်။ ဤသို့ဖြင့် နွေဥတုသည် ခပ်တည်တည်ဖြင့် ရွာလည်မှ ညောင်ပင်ကြီး၏ ၀ါကျံ့ကျံ့ အရွက်များကို မွေးနေ့လက်ဆောင်အဖြစ်ပေးကာ ခါးတောင်းကြိုက် ရင်ကိုကော့၍ လမ်းလျှောက်ခွါသွားလေသည်။ ထို့နောက် နွေဥတုသည် မိုးရေထဲတွင် ပျောက်ကွယ်သွားလေသည်။

0 comments: