My Blog List

Sunday, April 10, 2011

“ကဝေနွေ”


အခန်းရှေ့က အုပ်စိုင်းသွဲ့နွဲ့နေသော ညောင်ပင်ကြီးပေါ်မှာ ဥသြတစ်ကောင် တွန်မြည်ရန် စဉ်းစားနေဟန်ရှိသည်။

အမှတ်မထင် မိုးက ပြေးဆင်းလာသည်။ ကြူးတွန်ချင်စိတ်ကို ဖျက်၍ မိုးခိုဖို့ကိုသာ အာရုံစိုက်လိုက်ရသည်။ ဤသို့ဖြင့် ဤနွေသည် ဤသို့ ဤနှယ် ကဝေဆန်လှသည်။ မိုးရွာခဲ့၍ ထင်ပ၊ ပိန္နဲပင်ဘေးက စံပယ်ရုံမှာ စံပယ်ပန်းတွေ အထွေးလိုက် ဖွေးနေသည်။ လွန်ခဲ့သော လေးငါးနှစ်ခန့်က တောင်ပေါ်မြို့လေး တစ်မြို့သို့ နွေခိုရန် သွားခဲ့စဉ်အခါက တစ်ခေါင်းလုံး စံပယ်ပန်းတွေ ဖွေးနေအောင် ပန်ထားသော မဉ္ဇူချို ကို သတိရမိသည်။

ဤနှစ် နွေသည် ပူလွန်းလှသည်။ ပူလွန်းတော့လည်း စိတ်ကို ငြိမ်သက်မှုဆီသို့ ကြိုးစားပို့ပေမယ့် စိတ်က ထထ က နေသည်။ မြနန္ဒာ သံ၊ တူးပို့တူးပို့ သံတွေနှင့်အတူ စိတ်က ရူးကြွ, မြူးရွနေသည်။ ငယ်စဉ်က ထုံးတမ်းစဉ်လာတွေကို ဖြတ်တောက်ပစ်ချင်ခဲ့ပေမယ့် ခုတော့ အသက်တွေ ကြီးလာ၍ထင်သည်, မှော် ကဝေဆန်လှသော ရာသီနွေက စိတ်ကို နတ်ဝင်ပူး၊ လက်ခုပ်တီးပေးနေသည်။

ချစ်ခဲ့ဖူးသော သဲလွှာအေး၊ ရီချို၊ ပိုးစန္ဒာ၊ ထွေးနု၊ ငြိမ်းသူအောင်၊ မိုးမြင့်ငြိမ်းသူ၊ ပုလဲစိုး၊ ကေသီမြင့်၊ သန္တာအေးကို၊ ကေခိုင်လွင်၊ ချိုလေး၊ မဉ္ဇူချို၊ ချိုနှင်းလွင်၊ သရုမိဏိနှင့် မော်လီတို့၏ ဓာတ်ပုံ အပိုင်းအစလေးများကို ဘီဒိုအံဆွဲထဲမှ ထုတ်ကြည့်ကာ ပြုံးနေမိသည်။

အသက်ရှူသံကို နားထောင်ရင်း ၀မ်းဗိုက်ရဲ့မြင့်ချီနိမ့်ချီကို သတိကပ်ထားသော်လည်း ဘယ်ဘက်ပခုံးကို မဉ္ဇူချို လာမှီသလို ခံစားရပြန်သည်။ ဖျောက်ခနဲ ကြွေကျလာတဲ့ ညောင်ရွက်သံက အသက်ရူသံကို သတိပြန်ကပ်စေ သည်။

ကော်ဖီသောက်ရင်း မဉ္ဇူချိုကို ရွတ်ပြခဲ့ဖူးသော ကဗျာတစ်ပိုဒ်ကို စိတ်ကရွတ်နေမိသည်။

“အကြော်တစ်ပွဲ မှာထားပြီးပေမယ့်

ရေနွေးအိုးက အခုထိရောက်မလာသေးဘူး

အဲဒိနောက်

တစ်ယောက်နှလုံးသား တစ်ယောက်ငှဲ့သောက်

အလင်းပျောက် ကြယ်ကြွေသံကို နံရံမှာစနစ်တကျချိတ်

ကိုးဆယ့်သုံးအလွန်ဆီက

ဝေးခဲ့ကြတာ အခုထိ’’။

အမေနဲ့အဖေ့ဆီကို ပြန်မရောက်တာ ခြောက်နှစ်ရှိပြီဖြစ်သည်။ ၂၀၁၀ နှစ်ဦးပိုင်းတုန်းက အမေက ပြန်လာခဲ့ဖို့ မှာထားသေးသည်။ ဒါပေမယ့် မပြန်ဖြစ်ခဲ့ဘူး။ ဒီနှစ်နွေသည် တုန်လှုပ်မှုများသည်။ တရုတ်မှာ, သြစတီရီးယားမှာ, ဂျပန်မှာ, မြန်မာမှာ, အာရတ်မှာ တုန်လှုပ်မှုတွေ ပြင်းထန်လွန်းသည်။ ဒီလိုနဲ့ ငါလည်းပျင်းနေသည်။ သေခြင်းတရားကို ထိုင်စောင့်ရသလိုမျိုးကြီး ပျင်းနေမိသည်။ ကဝေနွေသည် နေပူသည်၊ လေပူသည်၊ ရေပူသည်၊ မြေပူသည်၊ ရင်ဘတ်တွေပူသည၊် ဦးနှောက်တွေ ပူသည်၊ အရာအားလုံးပူသည်။

သူငယ်ချင်းတွေဆီက တုန့်ပြန်သံတွေတော့ ကြားနေရသည်။ ဟိုသွားပါ့လား။ ဒီလာပါ့လား။ ပြည်တွင်းမပြန်တော့ဘူးလား။ အဲဒိကျွန်းလေးမှာပဲ တသက်လုံးနေလိုက်ပါလား။ သရုမိဏိနဲ့ လက်ထပ်တော့မှာလား။ ဆိုဖီယာနဲ့ရော အဆင်ပြေလား။ ဒီလိုနဲ့ ကဝေနွေသည် နေပူသည်။ လေပူသည်။ ရေပူသည်။ မြေပူသည်။ ရင်ဘတ်တွေပူသည်။ ဦးနှောက်တွေ ပူသည်။ အရာအားလုံးပူသည်။

0 comments: