
လက်ဖျားတွေ ခြောက်သွေ့ခဲ့ပြီ..
သားပိုက်ကောင်ရဲ့ ငေးမောမှု့မျိုး
အလွမ်းကို ခါးပိုက်ဆောင် ထွေးပိုက်ဆဲ..
ညီမလေးရေ… ချိုနှင်းလွင်ရေ……
အလွမ်းအူတဲ့ ညမှာ
လမ်းဘေး ဆိပ်ဖလူးပင်က
ဖွေးဖွေးလှုပ် အော်ပွင့်လို့
နမ်းနေကျ ပါးချိုင့်လေးလဲ
အသက်ရှူသံလေးကို ငေးမျှော်နေရောပေါ့။
ညီမလေးရေ… ညီမလေးရဲ့
ထနောင်းရိပ်မှာ ပိတောက်ပန်လို့
နှစ်ချို့ ချစ်ခြင်းများ
တစ်ဘ၀စာ ခိုလှုံပါစေလို့
ဆုတောင်းနေမလား။
ငါတို့ ကမ္ဘာဟာ
အနာတွေ ပေကျံခဲ့ပြီလေ..
သွေးတွေ ရောင်ချည်ဖျာနေတဲ့
အလင်းမက်တဲ့ အမှောင်ကောင်တွေ
အလင်းစကားပြောပြီး
အမှောင်ကမ္ဘာကို ဖန်တီးနေကြသလား..
အချစ်ရေ … ညီမလေးရေ…………
ကမ္ဘာကြီးဟာ
စက်သေနတ်မှန်ထားတဲ့ လိမ္မော်သီးတစ်လုံးလို
ငါတို့ ချစ်ခြင်းတွေ အဆိပ်သင့်ခဲ့ပြီလေ……….
ကမ္ဘာတစ်ဖက်မှာ မြေငလျှင်
ကမ္ဘာတစ်ဖက်မှာ စစ်မြေပြင်
ကမ္ဘာတစ်ဖက်မှာ အကျဉ်းစခန်း
ကမ္ဘာတစ်ဖက်မှာ သွေးအေးလူသတ်ပွဲ
ကမ္ဘာတစ်ဖက်မှာ နျူးကလီးယား
ကမ္ဘာတစ်ဖက်မှာ မွတ်ငတ်ဆာလောင်မှု
ကမ္ဘာတစ်ဖက်မှာ ဆောင်းဆိုးရာသီ
ကမ္ဘာတစ်ဖက်မှာ နွေဆိုးရာသီ
ကမ္ဘာတစ်ဖက်မှာ အိပ်မက်အသစ်တည်ဆောက်
ကမ္ဘာတစ်ဖက်မှာ အိပ်မက်ဟောင်းဖြိုဖျက်
ကမ္ဘာတစ်ဖက်မှာ မိုးဆိုးရာသီ
ကမ္ဘာတစ်ဖက်မှာ အမုန်းတရား
ကမ္ဘာတစ်ဖက်မှာ အချစ်ပင်စိုက်ပျိုး
ညီမလေးရေ……….. ချိုနှင်းလွင်ရေ………….
လက်ဖျားတွေ ခြောက်သွေ့ခဲ့ပြီ..
သားပိုက်ကောင်ရဲ့ ငေးမောမှု့မျိုး
အလွမ်းကို ခါးပိုက်ဆောင် ထွေးပိုက်ဆဲ..
0 comments:
Post a Comment