တင်မိုး
ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိ စူးရှတဲ့
ဒီလို ဥရောပမှာ
မင်းက ဘာလာလုပ်သလဲလို့
ဗုဒ္ဓက မေးတော်မူတယ်။
ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
က်ုယ်တော်ရော ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လည်း
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။
လက်နက်ကိုင် စစ်တပ်က
အရပ်ရပ် နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
ဒီကောင်တွေက ဉာဏ်လည်း မရှိ
အမှန်လည်း မသိ
ကတိလည်း မတည်
အပလီအမျိုးမျိုးနဲ့
အ၀စီအိုးကလည်း ပုပ်စော်နံ
နိုင်ငံကိုလည်း မလေးစား
ကလေးကလား စိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။
စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား…။
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲသိတာမဟုတ်လား။
ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။
ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပ္ပါယ်တာကမှ
အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓဆိုပြီး
နှုတ်ဟလို့ အမြွတ်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ဘုရား။
မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်က မတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာဖြစ်နေမှာပါ။
တပည့်တော် ငပါမွှားက
တရားချတယ် မထင်ပါနဲ့
တိုင်းပြည်က ဒကာ ဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်းဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ့ အရှင်ဘုရား…။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment