
ဒီကောင်းကင်
အယူမှန်သူအတွက်အယူခံမလို
ကမ္ဘာကြီးအတွက်ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်။
ထောင့်ချိုးများလင်းဖို့ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလိုနေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကိုရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကိုဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့သစ်သီးများသာစားသုံးရင်း
ဟောဒီကမ္ဘာလောကရဲ့ချောင်လေးတစ်ခုမှာ
အရေးမပါတဲ့ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာငါနေထိုင်ရင်း
အလင်းဓာတ်ကိုမြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာမီးခိုးအူအူနဲ့ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှမထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်းမပါဝင်ခဲ့ပါ။
ခုအသက်၃၁နှစ်ထဲရောက်ချေပေါ့
နာတာရှည်ရောဂါမရှိပေမယ့်
အနာတွေဗလဗွနဲ့
အနာဂတ်ထဲမှာ
သူများလက်ဆောင်ပေးတဲ့ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ။။
(မောင်ချောနွယ်ကို အတုခိုးသည်)
0 comments:
Post a Comment