
နိဒါန်း
နှင်းကွဲသွားခဲ့ပြီ။ တောင်ခါးပန်းမှာ တိမ်ဖြူများ လေနှင့်အတူ အလိုက်သင့် တဖြည်းဖြည်း လွင့်မျောနေသည်။ ဆယ့်တစ်နာရီ ၀န်းကျင်မို့ နေက ၀င်းမှည့်နေသည်။ တောင်တွေက လက်ဖက်ခင်းတွေကို ထမ်းထားသည်။ ရတနာပုရ ရာသီဥတုက စိတ်ကိုလတ်ဆတ်စေသည်။ အသက်ရှုသံကို သတိထားရင်း စိတ်ကိုငြိမ်သက်အောင် မျက်လွှာကို ခဏချထားလိုက်သည်။ ဘုတ်စမွဲငှက်တစ်ကောင်ရဲ့အော်သံကြောင့် မျက်လွှာကိုအသာလှပ်ကာ အသံလာရာသို့ ကြည့်မိသည်။ သစ်ကိုင်းခြောက် ပြုတ်ကျသံကြောင့် ငှက်နှစ်ကောင်လန့်ပျံသွားသည်။ ခပ်နီးနီးမှ သရက်ပင်တွင် နားခိုသွားသော ငှက်နှစ်ကောင်ကို ငေးရင်း သရက်ပင်ဆီသို့ တဖြည်းဖြည်းလျှောက်လာခဲ့မိသည်။ သရက်ပင်အောက်ပင်ကကွပ်ပျစ်မှာထိုင်ရင်း နေရောင်ဆန်းထားတဲ့ ခပ်စိမ်းစိမ်း လဘက်ခင်းတွေကို ငေးနေမိသည်။ ရေတံခွန်မှ ရေချိုးပြီး လဘက်ခင်းထဲမှ လမ်းကွေးကျဉ်းကျဉ်းလေးအတိုင်း ကျောင်းသင်္ခန်းဆီသို့ ပြန်လာသော ရဟန်းတစ်ပါးကို အရိပ်ကောင်းကောင်း သရက်ပင်အောက်တွင် နေခိုရင်း လှမ်းမြင်လိုက်မိသည်။ တဖြည်းဖြည်းလျှောက်လာရင်း သရက်ပင်ရိပ်သို့ သူဝင်လာခဲ့သည်။
အရပ်အမောင်း မြင့်မြင့်မားမား၊ သင်္ကန်းသပ်သပ်ရပ်ရပ်၊ ချထားသော မျက်လွှာ၊ ဦးခေါင်းပြောင်ဝင်းဝင်းနှင့် ကျက်သရေရှိလှပေသည်။ သူက တည်ငြိမ်တဲ့အပြုံးနဲ့အတူ ခြေစုံရပ်ကာ လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။ အလ္လာပသလ္လာပတွေ ပြောရင်း မိမိက “ ဘာကြောင့်ရဟန်းဝတ်လာခဲ့တာလဲ” ဟု မေးခဲ့သည်။ လေဝေ့သွားသော သင်္ကန်းကို အောက်ခြေသိမ်းရင်း မျက်လွှာချကာ “ရဋ္ဌပါလဇာတ်ကို ဖတ်ပြီး နှစ်ပတ်အကြာမှာ ရဟန်းဝတ်လာခဲ့သည်” ဟု ပြောသည်။ အခု လေးဝါရှိပြီဖြစ်ကြောင်း အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီ ဖြစ်ကြောင်း တဆက်တည်း ပြောပြသည်။
ရတနာပုရမှ အပြန် ကျောင်းရောက်သောအခါ မိမိကိုယ်ကိုယ်မိမိ “ငါဘာကြောင့် ရဟန်းဖြစ်လာခဲ့သလဲ” ဟု ပြန်မေးမိသည်။
“ချစ်သူမုန်းလို့ ရဟန်းဖြစ်လာခဲ့သလား၊ သံသရာကို ခုန်ရှောင်ရာမှ မတော်တဆ ရဟန်းဖြစ်လာခဲ့သလား၊ ပွင့်ချပ်တွေကြွေနေတဲ့ ပန်းတစ်ပွင့်ကို မြင့်ခဲ့လို့လား၊ မျောက်တွေကို လူစကားနှင့် လူလိုနားလည်အောင် သင်ပေးခဲ့တာ မအောင်မြင်လို့လား၊ ကဗျာဆရာ သစ္စာနီရဲ့ စကားကို ခပ်ဆင်ဆင်ငှားပြောရရင် မတော်တဆ အသည်းကွဲရာမှ ရဟန်းဖြစ်လာခဲ့သလား ကောင်းမလေးတစ်ယောက်ကို ချစ်ရတာ ချိန်ကိုက်ဗုံးထည့်ထားတဲ့ နှင်းဆီပန်းကို နမ်းရသလို ခံစားမိလို့လား၊ ကော်ဖီသောက်ရင်း နာရေးကြော်ငြာသတင်းစာ မဖတ်ရဲလို့လား၊ သဘာဝမကျတဲ့အတိတ်၊ သဘာဝမကျတဲ့ ပစ္စုပ္ပန်၊ သဘာဝမကျတဲ့အနာဂတ်ကို ရွံမုန်းခဲ့လို့လား၊ အမှိုက်ပုံကလွင့်လာပြီး ခြေထောက်ကိုလာကပ်တဲ့ သတင်းစာကိုဖတ်မိရာမှ မျောက်တွေလူဝတ်လဲ လူလည်လုပ်နေတာကို မြင်ခဲ့မိလို့လား” လားပေါင်းများစွာနှင့် ကြယ်ရောင်တွေရဲ့အအေးဓာတ်ကို အော်ခေါ်နေမိသည်။
အဲဒီနောက် ဗုဒ္ဓနဲ့ အရှင်ရဋ္ဌပါလတို့ရဲ့ မတော်တဆ တွေ့ဆုံမှုလေးကို တွေးနေမိသည်။
0 comments:
Post a Comment