
ကျုပ်ဟာ ကျုပ်ပဲ
ကျုပ်ဟာ ကျုပ်ပါပဲ
ဂေါတမဗုဒ္ဓ မဟုတ်ပါဘူး
ချေဂွေဗားရား မဟုတ်ပါဘူး
မဟတ္တမဂန္ဓီ မဟုတ်ပါဘူး
ကျုပ်ဟာ ကျုပ်ပါပဲ။
ကျုပ်ဟာ ကျုပ်ပါပဲ
ဂေါတမဗုဒ္ဓကို အားကျပေမယ့်
ကျုပ်ဟာ ကျုပ်ပါပဲ
ဗိုလ်ချုပ်အောင်ဆန်း၊ သေခြင်းတရား
နိဗ္ဗာန်၊ အနှိပ်ခန်း
ဟိုတယ်၊ သုဿာန်
ကျုပ်နဲ့ ဆိုင်တဲ့အရာက ကျုပ်နဲ့ ဆိုင်တယ်
ကျုပ်နဲ့ မဆိုင်တဲ့အရာက....
ကျုပ်ဟာ ကျုပ်ပါပဲ။
ခင်ဗျားကို ကျုပ်မကြိုက်ဘူး
ကျုပ်ကို ခင်ဗျားမကြိုက်ဘူး
ခင်ဗျားဟာ ခင်ဗျားပဲ
ကျုပ်ဟာ ကျုပ်ပါပဲ။
ကျုပ် စစ်အာဏာရှင်ကို မကြိုက်ဘူး
သွယ်ဝိုက်စရာ မလိုဘူး
အလံသစ်ကို မကြိုက်ဘူး
လွတ်လပ်မှုနဲ့ လမ်းဘေးသစ်ပင်
လူ့အခွင့်အရေးနဲ့ ဟစ်ပေါ့သီချင်း
ဂေါတမဗုဒ္ဓတရားနဲ့ လေးဖြူသီချင်း
ယေရှုခရစ်နဲ့ ညှပ်ဖိနပ်
ကျုပ်ကြိုက်တယ်ဗျာ။
ခင်ဗျားက ခင်ဗျားပဲ
ကျုပ်ဟာ ကျုပ်ပဲ။
ကျုပ်က ဘုရားသခင်ကို မဖန်ဆင်းဘူး
ဘုရားသခင်က ကျုပ်ကို မသိဘူး
ဘုရားသခင်က ကျုပ်ကို မဖန်ဆင်းဘူး
ကိုယ့်သဘောနဲ့ကိုယ် ဒီလမ်းကိုလျှောက်ခဲ့တာ။
ကောင်းကင်က လ
ပင်လယ်ထဲမှာ ရေဆင်းကူးနေသလား၊
မွန်ခ်ျရဲ့ အော်သံပန်းချီကားထဲက အသံဟာ
လူသံလား၊ ခွေးသံလား
လသည် လဖြစ်၍
အသံသည် အသံဖြစ်သည်။
ခင်ဗျားသည် ခင်ဗျားဖြစ်၍
ကျုပ်သည် ကျုပ်ဖြစ်သည်။
ဆိုက်ကားသမားသည် ဆိုက်ကားသမားဖြစ်၍
ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်။
ကျုပ်၊ ဂေါတမဗုဒ္ဓ၊ ခင်ဗျား၊ ဘုရားသခင်
စစ်အစိုးရ၊ ဆိုက်ကားသမား
ဗေဒင်ဆရာ၊ အမှိုက်ကျုံးသူ
စစ်သား၊ ခွေးစသည်သည် စသည်ဖြစ်၍
ကျုပ်သည် ကျုပ်ဖြစ်သည်။
0 comments:
Post a Comment