Party စကားလုံး အီဒီယံအသုံးအနှုန်းများ
ဒီတပတ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများကတော့ stag party, tailgate party နဲ့ baby shower တို့ ဖြစ်ပါတယ်။
ဒီဇင်ဘာလရောက်ပြီးဆိုရင် ခရစ်စမတ်ပါတီ (Christmas party), နှစ်သစ်ကူးပါတီ (New Year party) ဆိုပြီးတော့ ကျင်းပကြပါတယ်။ အခုလိုမျိုးပါတီတွေအပြင် အနောက်နိုင်ငံတွေမှာတော့ သာမန်အချိန်တွေမှာ တခြားပါတီတွေလည်း လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ ဒီအသုံးတွေကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ stag party – stag က သမင်ဖိုးဆပ်ဖို့ ဖြစ်ပြီး party ကတော့ ပါတီ ဖြစ်ပါတယ်။ ဒီစကားလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သမင်ဖိုပါတီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ အမျိုးသားတွေဘဲ ပြုလုပ်တဲ့ပါတီပွဲ ဖြစ်ပါတယ်။ ဒီလိုပါတီပွဲကို တနေရာ၊ တအိမ်အိမ်မှာ အမျိုးသားတွေစုပြီး ဖဲဝိုင်းလုပ်တာ၊ တီဗွီမှာ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲ တွေကို သောက်ကြ၊ စားကြ၊ ပျော်ကြပါကြတဲ့ ပွဲကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုပါတီမျိုး ဖြစ်နိုင်သလို သတိုးသားတဦးအနေနဲ့ မင်္ဂလာမဆောင်မှီ တအိမ်အိမ်မှာစုပြီး အမျိုးသားတွေကြီး လုပ်တဲ့ပါတီကိုလည်း stag party လို့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“My elder brother doesn’t feel so good this morning. He gave our younger brother a stag party last night because he is getting married today. They stayed out way too late and way too much to drink.”
"ကျနော်အကိုတယောက် ဒီနေ့မနက် သိပ်မဟန်လှဘူး။ ဒီနေ့ မင်္ဂလာဆောင်မယ့် ညီငယ်အတွက် မနေ့ညက သူက အမျိုးသားတွေကြီးပါတဲ့ ပါတီတခုလုပ်ပေးခဲ့တယ်။ သူတို့ ညဉ်နက်အထိနေခဲ့ကြပြီး အလွန်အကျွံလည်း သောက်စားခဲ့ကြတယ်။"
နောက်ထပ်တင်ပြမယ့် ပါတီစကားလုံးမှာ tailgate party ဖြစ်ပါတယ်။ Tailgate အဓိပ္ပါယ်က station-wagon ဆိုတဲ့ နောက်ဖွင့်ကား နောက်အဖုံးကို ခေါ်ဆိုတာဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာ နေရာကျယ်ရတဲ့အတွက် အလွန်အသုံးဝင် အဆင်ပြေတဲ့ ကားမျိုးကို ခေါ်ပါတယ်။ ခရီးတထောက်နားတဲ့အခါ၊ ပျော်ပွဲစားထွက်တဲ့အခါ ကားနောက်ဖုံးကို ဖွင့်ပြီး ပါလာတဲ့ စားသောက်စရာများကို နောက်ခန်းထဲမှာ ခင်းကျင်းစားသောက်ကြတာ ဖြစ်ပါတယ်။ အားကစားကို နှစ်သက်အားပေးကြတဲ့ အမေရိကန်နိုင်ငံမှာတော့ tailgate party ကို အများအားဖြင့် ပြိုင်ပွဲမစမှီ ကစားကွင်းအပြင်ဖက်မှာ မိတ်ဆွေတွေ၊ မိသားစုဝင်တွေစုပြီး တပျော်တပါး ချက်ပြုတ်စားသောက်ကြတာကို ခေါ်ဆိုပါတယ်။ အထူးသဖြင့် hot dog အစားသွတ်ဝက်အူချောင်းကို အသားညပ်ပါးမုန့်နဲ့ စားဖို့ပါလာတဲ့ မီးဖိုမီးကင်ပြီး တခြားအစားအစာတွေနဲ့အတူ တဦးတယောက်ရဲ့  ကားနောက်ဖုံးမှာ ခင်းပြီးစားသောက်ကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ Super Bowl ဘောလုံးပွဲကြီးဟာ လူအများအပြားကြည့်ရှုအားပေးတဲ့ အားကစားပွဲ ဖြစ်ပါတယ်။ ကစားကြတဲ့ ဘောလုံးပွဲတွေကိုလည်း လိုက်ဖက်တဲ့ အမည်များ ပေးထားပါတယ်။ ဥပမာ - ဝါရှင်တန်အသင်းကို Washington Redskins, New York Giants စသည်ဖြင့် ခေါ်ဆိုကြပါတယ်။
ဘောလုံးသွားကြည့်ကြတဲ့ ပရိသတ်အချို့  tailgate party လုပ်တဲ့အကြောင်း George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“We had a great tailgate party before the Washington Redskins played the New York Giants. That was the only good part of the day. The Giants beat our Redskins by 21 points.”
“Washington Redskins အသင်းနဲ့ New York Giants အသင်းတို့ ပွဲမစခင်က ကျနော်တို့ ကားနောက်ဖုံးဖွင့်ပါတီ လုပ်ခဲ့တယ်။ အဲဒီနေ့အဖို့ ဒါက ကျနော်တို့အတွက် ဒီပါတီက ပျော်စရာတဒင်္ဂအချိန်လေးပါ။ Giants အသင်းက ကျနော်တို့ အားပေးတဲ့ Redskins အသင်းကို (၂၁) မှတ်နဲ့ အနိုင်ကစားသွားခဲ့တယ်။”
နောက်ဆုံးတင်ပြပေးမယ့် ပါတီတမျိုးကတော့ baby shower ဖြစ်ပါတယ်။ Baby က ကလေးငယ်၊ Shower ကတော့ အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာ နာမ်အဖြစ်သုံးထားပြီး လက်ဆောင်တွေ စုပေးတာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် baby shower က ကလေးမျက်နှာမမြင်ခင် မိခင်လောင်းကို ဝိုင်းပြီးတော့ ကလေးပစ္စည်းလက်ဆောင်တွေ ပေးကမ်းကြတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဓလေ့မှာတော့ မျက်နှာမြင်ပြီး လသားအရွယ်မှ ကလေးကင်ပွန်တပ်တာမျိုး ဖြစ်ပါတယ်။ အနောက်နိုင်ငံထုံစံအရတော့ အမျိုးသမီးတဦး ကိုယ်ဝင်ဆောင်စဉ်မှာ အမျိုးသမီးမိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်များက ဝိုင်းပြီးကလေးပစ္စည်းတွေ လက်ဆောင်ပေးကြပါတယ်။ တနည်းဆို မီးနေဝင်ချိန်၊ မီးဖွားပြီးချိန်မှာ မွေးကင်းစ ကလေးငယ်အတွက် အိပ်ယာခင်း၊ ကလေးအဝတ်အစား၊ အရုပ်ကစားစရာ၊ အသုံးအဆောင် စသည်တို့အပြင် မိခင်အတွက် အသုံးဝင်တဲ့ပစ္စည်းတွေကို ငွေစုထဲ့ပြီး ဝယ်ပေးကြတဲ့ တပျော်တပါး စားသောက်ကြတဲ့ပါတီမျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေကြီးလုပ်တဲ့ အမျိုးသမီးပါတီ ဖြစ်ပါတယ်။
မိတ်ဆွေသူငယ်ချင်းတဦးက သူ့အိမ်မှာ တာဝန်ယူ စီမံပေးတဲ့ baby shower မိခင်လောင်းပါတီပွဲမှာ အဖိုးဖြစ်မယ့်သူက သူမြေးရတော့မယ်အကြောင်း ပြောတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“Tomorrow is Susan’s baby shower. I will be really happy to have a grandchild, but seems like only yesterday she was a little girl herself. Now, she will be a mother. Where does the time go I wonder.”
“မနက်ဖြန်ရောက်ရင်တော့ Susan ရဲ့  မိခင်လောင်းပါတီပွဲ လုပ်ကြမယ်။ ကျနော်ကတော့ အဖိုးဖြစ်ရတော့မှာမို့ အတော်ပျော်ပေမဲ့ ကျနော်စိတ်ထဲ ကျနော့်သမီးက မနေ့ကပဲ ခလေးတယောက်လိုပဲ ရှိသေးတယ်လို့ ထင်မိခဲ့တယ်။ အခုတော့ သူကိုယ်တိုင် မိခင်တယောက် ဖြစ်လာတော့မယ်။ အချိန်တွေ ဘယ်လိုကုန်သွားပါလိမ့်လို့ ကျနော် အံ့သြတွေးနေမိတယ်။”
0 comments:
Post a Comment